Friday, April 24, 2015

ချစ်သူနှစ်ဦး ဆက်ဆံရေးမှာ နားထောင်တတ်သူကောင်း တစ်ယောက်ဖြစ်စေဖို့ရာ

No comments :
စုံတွဲတွေအများစုဟာ သူတို့ဆက်ဆံရေးမှာ အများဆုံးကြုံတွ့ရတာတွေကတော့ တစ်ဦးနဲ့တစ်ဦး စကားပြောဆိုမှု လွဲမှားကြတာမျိုတွေပါ။ ဒီလိုလွဲမှားမှုဟာ ချစ်သူဆက်ဆံရေးကို ထိခိုက်စေပါတယ်။ ဒါကြောင့် တစ်ယောက်ပြောတဲ့ စကားကို တစ်ယောက်က သေချာ နားထောင်တတ်ဖို့ လိုပါတယ်။ ဆိုလိုတာက ချစ်သူပါးစပ်က ထွက်သမျှ စကားကို ကြားရင် ပြီးရောဆိုတဲ့ သဘောမျိုး မဟုတ်ဘဲ ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ သေချာနားလည်အောင် ကြိုးစားဖို့ လိုပါတယ်။
သင့်ချစ်သူက သင့်ကို ပြောချင်နေတာက ဘာတွေများလဲ။
၁) အသေးအဖွဲ့အကြောင်းလေးတွေ- ဥပမာ ချစ်သူက နေ့စဉ်ဖြစ်ပျက်နေတဲ့ အကြောင်းတွေကို သင့်ကို ပြောပြချင်မှာပါ။ ဒါတွေက အရေးမပါဘူးလို့ထင်ပြီး ဂရုတစိုက် နားထောင်ပေးတာမျိုးတွေ မရှိရင်တော့ သင့်ချစ်သူက သင်ဟာ ပုံမှန်အခြေအနေ ကိစ္စတွေကိုတောင် လျစ်လျူရှုတတ်သူလို့ ထင်ပြီး နာကျင်ခံစားကြရပါလိမ့်တယ်။
၂) သူတို့ရဲ့ခံစားချက်တွေ- မိမိခံစားချက်ကို ချစ်သူကိုတော့ ရင်ဖွင့်တိုင်ပင်ချင်ကြပါတယ်။ ဒါကို သေချာနားထောင်ပေးမယ် ဆိုရင်ဖြင့် ကိုယ်ချစ်တဲ့သူ တစ်ယောက်မှာ ဘယ်လိုခံစားတတ်ကြောင်း သိရှိလာတဲ့ အတွက် ချစ်သူအကြောင်း ပိုသိခွင့်ရလာမှာပါ။
၃) သူတို့ရဲ့သံသယတွေ- စကားပြောရမှာ အဖုအထစ်လေးတွေ ရှိလာလို့နှစ်ယောက်လုံးက စိတ်ရှင်းအောင် ဖွင့်ထုတ်မေးချင်ကြမှာပါ။ ဒီလိုလုပ်ရာမှာ ကိုယ့်ရဲ့သံသယစိတ်ကိုပဲ ပြောပြီး ချစ်သူဆီက စကားကို နားမထောင်တာမျိုးတော့ မဖြစ်သင့်ပါဘူး။
၎) သူတို့ရဲ့စောဒကတက်မှုတွေ- ဥပမာ ချစ်သူက သူ့အမြင်မှာ သင်ဟာ အမှားတစ်ခုခု လုပ်တယ်လို့မြင်ကြောင်း စောဒကတတ် ပြောပါလိမ့်မယ်။ ဒီအခါမှာ မိမိက အရင်ခုခံတဲ့ အပြောအဆိုကို ရှောင်ရှားပြီး ချစ်သူပြောတာကို အေးအေးသက်သာ ဆုံးအောင် နားထောင်ပေးလိုက်ပါ။ ပြီးမှသာ သူ့ရဲ့ ပြောဆိုချက်ဟာ မှန်သည်၊မှားသည်ဝေဖန်ပိုင်းခြားပြီး အတူတကွ ဖြေရှင်းပါ။
၅)သူတို့ရဲ့ချီးကျူးမှုတွေ- ဥပမာ-သင့်ချစ်သူက သင့်ကို ဘယ်လောက်ချစ်ခင်မြတ်နိုးကြောင်း ဖော်ထုတ်ပြောတဲ့အခါ သင်က ဂရုတစိုက် နားမထောင်ပြတာဟာ နှစ်ဦးဆက်ဆံရေးကို ထိခိုက်စေပါတယ်။

နားထောင်တတ်သူကောင်းတစ်ယောက်ဖြစ်အောင် ဘယ်လိုလုပ်မလဲ။
၁) သေချာ ကြားအောင်လုပ်ပါ- ဥပမာ-လုပ်လက်စ အလုပ်ကိုရပ်ပြီး ချစ်သူပြောတာကိုနားထောင်ပါ။ အလုပ်လက်စသတ် မရသေးရင်လည်း မကြာခင်အတွင်း အလုပ်ပြီးမည်ဖြစ်ကြောင်း သေချာပြောပြပါ။
၂) ချစ်သူပြောတာကိုမကြားလိုက်လျှင် တောင်းပန်ပါ- သို့သော် နောက်ထပ်တစ်ခါ ထပ်မဖြစ်အောင်ဂရုစိုက်ပါ။ မကြားလိုက်လို့ ခဏခဏ တောင်းပန်ရတာမျိုး မဖြစ်ပါစေနဲ့။
၃) လိုအပ်လျှင် သင့်ချစ်သူ ပြောသောအကြောင်းအရာတစ်ချို့ကို မှတ်စုထားရှိပါ- ဥပမာ သင်မေ့ကျန်တတ်တဲ့ ပစ္စည်းအား ချစ်သူက သတိပေး ပြောကြားတာမျိုးကို ဖုန်းထဲမှာ နှိုးသံပေးထားပါ။
၎) ချစ်သူပြောသည်ကို နားလည်သိရှိပါစေ- နားထောင်ရာမှာ နက်နက်နဲနဲ တွေးပြီး သူ့ပြဿနာအား ကိုယ့်အနေဖြင့် ဘယ်လို ကူညီပေးနိုင်မည် ဆိုသည်ကို အလေးပေးပါ။
၅) နားထောင်ရာမှာ အကူအညီမဖြစ်စေတဲ့ အကြံမျိုးမမေးပါနဲ့- ချစ်သူက ကူညီပေးဖို့ မပြောပေမယ့် မိမိက အလိုက်တသိ သူ့အတွက် ဘာကူနိုင်မလဲဆိုတာကို မေးပါ။
၆) ဖြတ်ဝင်မပြောနဲ့- သင်က ဖြတ်ပြီး ၀င်ပြောလိုက်ခြင်းဟာ ရိုင်းရာကျသလို သူဘာပြောသလဲဆိုတာကို မမှတ်မိဖြစ်သွားစေပါတယ်။
၇) ချစ်သူက ပြောနေစဉ်အတွင်း ထောက်ခံတဲ့ အပြုအမူမျိုးလုပ်ပေးပါ- ဥပမာ- အင်း၊ အော်၊ ဒါပေါ့ စသဖြင့်လုပ်ခြင်းဖြင့် ပြောသူအနေဖြင့် သင်သေချာ နားထောင်ပေးနေတယ်လို့ ခံစား သိရှိသွားစေပါတယ်။
၈)ချစ်သူလိုအပ်တာကို တတ်နိုင်သမျှ အကောင်းဆုံးကူညီပေးပါ- ဥပမာ ချစ်သူက သင့်အား တစ်ခုခု ကူညီပေးနိုင်မလားဟု ပြောလာတဲ့အခါ အတတ်နိုင်ဆုံး ကူညီပေးပါ။ မလုပ်ပေးနိုင်ပါကလည်း အကျိုးအကြောင်းရှင်းပြပါ။
၉) စကားဝိုင်းကို ပြီးဆုံးအောင်လုပ်ပါ- စကားဝိုင်းမပြီးသေးဘဲ မထွက်သွားပါနဲ့။ တိုင်ပင်ပြောချင်တာရှိသေးလားဟု အမြဲမေးပါ။
၁၀)ဒေါသထိန်းပါ- တစ်ခါတစ်လေမှာ ချစ်သူက ရန်လိုသော ပုံစံဖြစ်လာပြီး ဒေါသထိန်းချုပ်ပေးရန် ခက်ခဲလာတဲ့အခါ မိမိကလည်း သူ့အတိုင်း ပြန်မလုပ်ဖို့ အရေးကြီးပါတယ်။ ခေါင်းအေးအေးနှင့် စိတ်ရှည်ရှည်ထားခြင်းက ပဋိပက္ခကို ဖြေရှင်းဖို့ ပိုလွယ်ကူပါလိမ့်မယ်။

No comments :

Post a Comment

credit - YomaLan- အသဲကွဲ ကဗျာများ၊ရိုးရာလေး၊ နည်းစနစ်ကျကျအတွေးအခေါ် The Express Times Facebook pages ..........-