Wednesday, April 22, 2015

စိတ်ရောကိုယ်ပါ အမြဲလှပနေစေမယ့် နည်းလမ်း (၇) သွယ်

No comments :
အလှအပဟာ လူအများအတွက် အရေးပါပေမဲ့ တချို့သောလူတွေ အတွက်တော့ အရေးမပါတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မိန်းမတစ်ယောက် အတွက်တော့ အလှအပဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်။
အလှအပဆိုတိုင်း မိတ်ကပ်တွေ ၊အဆင်အပြင်တွေနဲ့ လှပနေတာမျိုးကိုပဲ ဆိုလိုခြင်းမဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ အလှအပတွေကို ရုပ်ပိုင်းဆိုင်ရာအပြင် အခြားပုံဖော်ပေးမယ့်အရာတွေအများကြီးရှိနေပါတယ်။ ဒီတော့ သင့်လက်ရှိ အလှတရားတွေကို ထပ်မံအားဖြည့်ပေးမယ့် အကြောင်း အရာလေးတွေကို တင်ဆက်လိုက်ပါတယ်။
၁။ မှန်ကြည့်တဲ့အခါ ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးတဲ့ စိတ်နဲ့ကြည့်ရှုပါ။
မှန်ကြည့်ပြီးတဲ့အခါ သင့်စိတ်ထဲမှာ ဘာတွေကျန်ခဲ့လဲဆိုတာ အလွန်အရေးပါပါတယ်။ သင့်မျက်နှာမှာရှိတဲ့ အပြစ်အနာအဆာ တွေကိုပဲ မြင်နေပြီဆိုရင်တော့ သင့်ခံယူချက်လေးတွေ ပြောင်းလဲဖို့လိုနေပါပြီ။ အတက်နိုင်ဆုံး ကိုယ်ပိုင်ဆိုင်ထားတဲ့ အလှတရားတွေကို အသိအမှတ်ပြုတတ်အောင် ကြိုးစားပါ။
၂။ သင့်ကိုသင် ယုံကြည်မှုရှိနိုင်တဲ့ အဝတ်အစားမျိုးကို ရွေးချယ်ဝတ်ဆင်ပါ။
သင့်ခန္ဓာကိုယ် အရွယ်အစားဘယ်လောက်ပဲ ရှိနေပါစေ သင်နဲ့လိုက်ဖက်တဲ့ အဝတ်အစားရွေးချယ် ဝတ်ဆင်လိုက်ခြင်းက သင့်အလှကို ပိုမိုပေါ်လွင်စေမှာပါ။ ဘယ်လိုဝတ်စုံမျိုး ဆိုတာထက် ကိုယ်နဲ့ဘယ်လောက်လိုက်ဖက်လဲ ပိုအရေးကြီးတာကြောင့် အဝတ်အစားရွေးချယ်တဲ့အခါ ကိုယ့်စိတ်လုံခြုံမှုကို အဓိကထား ရွေးချယ်ဝတ်ဆင်ခြင်းက သင့်ကို ပိုမို ဆွဲဆောင်မှုရှိစေမှာ မလွဲပါဘူး။
၃။ အမြဲပျော်ရွှင် လွတ်လပ်စွာ နေပါ။
သင့်စိတ်သဘောထားတွေက သင်ကိုယ်တိုင်စိတ်ချမ်းသာမှုအတွက်ရော သင့်ဘေးနားမှာရှိနေတဲ့ သူတွေရဲ့ စိတ်ချမ်းသာမှု အတွက်ပါ အရေးကြီးပါတယ်။ ဒါကြောင့် လွတ်လပ်ပျော်ရွှင်တဲ့ အပြုံးတွေ အမြဲဆင်မြန်းထားပါ။ ဒါက သင့်ကို ပိုမိုဆွဲဆောင်မှုရှိတဲ့ သူတစ်ယောက်အဖြစ် ပုံဖော်ပေးမှာပါ။
၎။ ကျန်းမာရေး လိုက်စားပါ။
ကျန်းမာနေတဲ့သူတစ်ယောက်က အလိုလိုစိတ်ရွှင်လန်းနေတာကြောင့် မျက်နှာလေးက ကြည်လင်ဝင်းပပြီး ဆွဲဆောင်မှုရှိနေမှာပါ။ ဒါကြောင့် တစ်ကိုယ်ရေ သန့်ရှင်းမှုကို အထူးဂရုစိုက်ပါ။ ကျန်းမာပြီး သန့်ရှင်းသပ်ရပ်တဲ့ နှစ်လိုဖွယ် ခန္ဓာကိုယ် ပိုင်ဆိုင်ခြင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေ ပါတယ်။
၅။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုတွေကို ချပေးပြီး ကြွက်သားတွေကို ခိုင်မာစေပါတယ်။ အကယ်၍ သင်အလေးချိန်လျော့ကျဖို့ မလိုအပ်ရင်တောင် လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်မှုအားကောင်းစေပြီး စိတ်ကိုရွှင်လန်း တက်ကြွစေတဲ့ အန်ဒိုဖင်ဟောမုန်းတွေကို တိုးပွားစေတဲ့အတွက် ပုံမှန်လုပ်ဆောင် ပေးသင့်ပါတယ်။
၆။ ကိုယ့်ကိုယ်ကို အမြဲတိုးတက်နေအောင် လေ့လာသင်ယူနေပါ။
လူတစ်ယောက်ရဲ့ စစ်မှန်တဲ့ အလှအပဆိုတာ အပေါ်ယံမြင်နေရတဲ့ လှပခြင်းတွေထက် အများကြီးအဓိပ္ပါယ်ရှိပါတယ်။ သင်ဘယ်လောက် အသိညဏ်ရှိလဲ၊ သင်ဘာတွေလုပ်ဆောင်လဲ၊ သင်ဘာတွေပြောလဲဆိုတာ တွေကလဲ သင့်ကိုပုံဖော်နေပါတယ်။ ဒါကြောင့် အရည်အချင်းပြည့်ဝပြီး ကိုယ့်ကိုယ်ကို အမြဲယုံကြည်မှုရှိတဲ့ သူတစ်ယောက်ဖြစ်နေစေဖို့ အချိန်နဲ့အမျှလေ့လာသင်ယူနေပါ။
၇။ ဖြူစင်မြင့်မြတ်တဲ့ စိတ်ထားလေးတွေ အမြဲမွေးမြူပါ။
ကိုယ့်ကိုယ်ကို နှိမ့်ချတတ်ခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်း ၊ ရက်ရောတတ်ခြင်း၊ ကြင်နာနွေးထွေးခြင်းတွေက သင့်ကို အများနဲ့မတူတဲ့ အလှတရားတွေ ပေါင်းထည့်ပေးမှာပါ။ ဒါကြောင့်သင့်ရဲ့ အတွင်းစိတ်လေးတွေ ဖြူစင်သန့်ရှင်း နေခြင်းက သင့်ကို ပိုမိုဆွဲဆောင်မှုရှိတဲ့ လူသားတစ်ဦးအဖြစ်ပုံဖော် ပေးမှာပါ။

Credit' ဂန္တဝင် မဂ္ဂဇင်း

No comments :

Post a Comment

credit - YomaLan- အသဲကွဲ ကဗျာများ၊ရိုးရာလေး၊ နည်းစနစ်ကျကျအတွေးအခေါ် The Express Times Facebook pages ..........-